💫💫💫ဘုရားရှင်နှစ်ဆူ ပြိုင်တူမပွင့်ရခြင်းအကြောင်း သိကောင်းစရာ💫💫💫
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မြတ်စွာဘုရားသာသနာ ကုန်ဆုံးကွယ်ပျောက်သွားသောအခါ နောင်ပွင့်ထွန်းပေါ်ပေါက်မည့် ဘုရားရှင်ကို မပွင့်ထွန်းမပေါ်ပေါက်အောင် တားမြစ်ပိတ်ပင်၍ မရတော့ပါပဲလျှက် မရှေးမနှောင်း ဘုရားတစ်ဆူ မပွင့်ရသနည်းဟူသော မေးခွန်းများမှာ မေးမြန်းချင်စရာပင်ဖြစ်ပါ၏။
မြတ်စွာဘုရားတို့မည်သည် အံ့သြဖွယ်လူသားပင်ဖြစ်၏။လောကသုံးပါးတွင် အံ့သြစရာ အကောင်းဆုံး တစ်ဦးတည်းသော လူသားပုဂ္ဂိုလ်ဖြစ်၏။ကိလေသာအညစ်အကြေးမှ ကင်းဝေးတော်မူလျှက် ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုတော်မမူသောကြောင့် လူနတ်ဗြဟ္မာသတ္တဝါအားလုံး၏ ပူဇော်ဦးခိုက်မှုကို ခံယူရပြီး တရားအားလုံးကို သိတော်မူသော သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် နှစ်ဆူ လေးဆူ ရှစ်ဆူ တစ်ဆယ့်ခြောက်ဆူအားဖြင့် တပြိုင်နက် ပွင့်တော်မူငြားအံ့ အံ့သြစရာ ပုဂ္ဂိုလ်ထူးအဖြစ် တည်ရှိနိုင်လိမ့်မည် မဟုတ်ပါ။ကျောင်းတစ်ကျောင်းမှာ စေတီနှစ်ဆူရှိနေလျှင် စေတီတော်နှစ်ဆူလုံး လာဘ်လာဘမများနိုင်သလို ရဟန်းတော်များသည်လည်း များပြားလွန်းသောကြောင့် အံ့သြဖွယ်ရာမဖြစ်သကဲ့သို့ဖြစ်၏။ထိုဥပမာအတိုင်းပင် မြတ်စွာဘုရား များပြားလွန်းလျှင် အံ့သြစရာ ပုဂ္ဂိုလ်ထူးအဖြစ် လောကသုံးပါးတွင် မည်သူမျှ သတ်မှတ်လိမ့်မည်မဟုတ်ပါ။ထို့ကြောင့် မရှေးမနှောင်း ဘုရားတစ်ဆူ မပွင့်ထွန်းခြင်းပင်ဖြစ်၏။တရားဒေသနာအားဖြင့် ပြောရလျင်လည်း ပွင့်တော်မူပြီးသော မြတ်စွာဘုရားရှင်၏ တရားတော်နှင့် ဘာအကြောင်းမျှ ထူးခြားမှုမရှိ။သတိပဋ္ဌာန် ဗောဇ္ဈင်စသော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးကို အခုဘုရားရော အရင်ဘုရားပါအတူတူပါပဲ ဘာအကြောင်းမျှ မထူးခြားဘူးဟု တရားတော်အပေါ် အထင်သေးနိုင်၏။အံ့သြ ချီးမွမ်းစရာမဖြစ်။တပည့်သား သာဝကတို့သည်လည်း သူ့ဘုရား ငါ့ဘုရား အငြင်းအခုံပွားနိုင်၏။ငါ့ဘုရားက ဘုန်းကံကြီးသည် ပစ္စည်းလာဘ်လာဘပေါသည် အသံကောင်းသည် စသည်ဖြင့် အငြင်းအခုံ ခိုက်ရန်ဖြစ်ပွားနိုင်၏။ထို့ကြောင့် ဘုရားနှစ်ဆူသည် ပြိုင်တူသော်၎င်း မရှေးမနှောင်းသော်၎င်း ပွင့်ထွန်းပေါ်ပေါက်သည့် အစဉ်အလာ ဓမ္မသဘာဝများ မရှိကြောင်း သိအပ်၏။
(မ၊ဋ္ဌ၊၄၊နှာ-၈၂)
🌷🌷ဘုရားရှင်၏ဂုဏ်ကျေးဇူးနှင့် ဥပမာများ🌷🌷
မိလိန္ဒမင်းကြီးမေးမြန်းသောကြောင့် နာဂသေနမထေရ် ဖြေဆိုသော အကြောင်းများထဲမှ ဘုရားနှစ်ဆူ ပြိုင်တူသော်၎င်း မရှေးမနှောင်းသော်၎င်း မပွင့်ထွန်းရခြင်းကို အကျဉ်းမျှ ဖော်ပြလိုပေသေးသည်။
ဘုရားနှစ်ဆူသာ ပွင့်ထွန်းလျှင် အပူဇော်ခံထိုက်မှု တရားအားလုံးကိုသိမှု သုံးဆယ့်ခုနှစ်ပါးသော ဗောဓိပက္ခိယတရားကိုဟောကြားမှု သစ္စာလေးပါးကို ဟောကြားမှု သိက္ခာသုံးပါးကို ကျင့်စေမှုတို့ တူညီကြသောကြောင့် လောကဓာတ်ကြီးတစ်ခုလုံး အလွန်တင့်တယ်လှပသော တရားတည်းဟူသော အလင်းရောင် အလွန်အမင်း ထွန်းလင်းတောက်ပလိမ့်မည်ဟု ထင်မြင်ကြောင်း လျှောက်ထားခြင်းပင်ဖြစ်၏။
တစ်သောင်းသော စကြာဝဠာ လောကဓာတ်ကြီး တစ်ခုလုံး ဘုရားရှင်တစ်ဆူ၏ ဂုဏ်ကျေးဇူးတရားကိုသာ ထမ်းဆောင်နိုင်ကြောင်း အရှင်နာဂသေနမထေရ်၏ မိန့်ကြားချက်သည် နာယူမှတ်သားဖွယ် ကောင်းလှ၏။
စကြာဝဠာ လောကဓာတ်ကြီး တစ်ခုလုံးသည် နှစ်ဆူသော ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးကို ထမ်းဆောင်နိုင်သော စွမ်းအားများ မရှိကြပါ။အလွန်များပြားလှသည့် စကြာဝဠာကြီးသည် ပြင်းထန်စွာ တုန်လှုပ်နိုင်သလို တိမ်းစောင်းပြီး အောက်သို့လည်း ညွှတ်ကျနိုင်၏။ဖရိုဖရဲပျက်စီးပြီး အမြဲမပြတ် လှုပ်ခါယိမ်းထိုးကာ တုန်လှုပ်လျှက်လည်း နေနိုင်၏။
လူတစ်ယောက်တည်းသာ သယ်ဆောင်နိုင်သော လှေပေါ်သို့ လုံးရပ်သဏ္ဌာန် အဆင်းအသွင် ဆူကြုံနိမ့်မြင့် တူညီသော လူနှစ်ယောက် တက်စီးလျှင် ဟိုဘက်ကမ်းမရောက်ဘဲ နှစ်မြှုပ်သကဲ့သို့ပင်ဖြစ်၏။
အစားအစာ ဘောဇဉ်ကို အလိုရှိသလောက် ဗိုက်ပြည့်အောင် စားသောက်ပြီး ခန္ဓာကိုယ်တောင့်တင်းနေသော လူတစ်ယောက်သည် မိမိစားသောက်ခဲ့သော ခဲဘွယ်ဘောဇဉ်နှင့် ညီတူညီမျှ နောက်ထပ်တစ်ကြိမ် စားသောက်လျှင် ချမ်းသာသုခမဖြစ်ဘဲ ပျို့အန်ခြင်းစသော ဆင်းရဲဒုက္ခဖြစ်သကဲ့သို့ မှတ်သင့်ပေသည်။
ဤကမ္ဘာမြေကြီး တုန်လှုပ်ပျက်စီးခြင်း သွက်သွက်ခါအောင် လှုပ်ရမ်းခြင်းတို့သည် တရားဒေသနာတော်တည်းဟူသော ဂုဏ်ကျေးဇူးတို့၏ ကြီးမားမှုကြောင့်ပင်ဖြစ်၏။လှည်းနှစ်စီး အပြည့်အဝ တင်ဆောင်ထားသော ရတနာတို့ကို လှည်းတစ်စီးတည်း၌ စုပေါင်း၍ သယ်ဆောင်သောအခါ လှည်း၏အကွပ် ဝင်ရိုး လှည်းပုံတောင်းတို့သည် ကျိုးကျပျက်စီး၏။ရတနာတည်းဟူသော ဝန်ကြောင့် လှည်းကျိုးကျပျက်စီးသလိုမျိုး တရားရတနာတည်းဟူသော ဝန်ကြောင့် ကမ္ဘာမြေကြီးတုန်လှုပ်ပျက်စီး၏။
မြတ်စွာဘုရား၏အားတော် မြတ်စွာဘုရား၏ကိုယ်တော် စွမ်းအားသတ္တိကို ပြသောအားဖြင့် ဘုရားနှစ်ဆူ ပြိုင်တူမပွင့်သလို မရှေးမနှောင်းလည်း ပွင့်ထွန်းတော်မမူပါ။ဘုရားနှစ်ဆူ တပြိုင်တည်းပွင့်တော်မူသောခဏ၌ ပရိသတ်တို့၏ ဝိဝါဒကွဲပြားသော အငြင်းအခုံဖြစ်နိုင်သလို သူ့ဘုရား ငါ့ဘုရား အားပြိုင်မှုများလည်း ဖြစ်ကြပေလိမ့်မည်။ လောကသုံးပါး၌ရှိသော ခပ်သိမ်းသော လူနတ်ဗြဟ္မာသတ္တဝါတို့ထက် မြင့်မြတ်ခြင်း အထူးသဖြင့် ဂုဏ်ကျေးဇူးကြီးမားခြင်း အထူးသဖြင့်မြင့်မြတ်ခြင်းဟူသော စကားသည် ချွတ်ယွင်းဖောက်ပြန် မမှန်မကန် ပြောဆိုအပ်သော စကားအဖြစ် ကဲ့ရဲ့ပြစ်တင် ဝေဖန်ခြင်းခံရပေလိမ့်မည်။ အတုလံ သီလအစရှိသော ဂုဏ်ကျေးဇူးတော်တို့ကြောင့် တစ်စုံတစ်ယောက်သော သူနှင့်တူတော် မမူထသော ဟူသောစကားသည် ရေတွင် အရုပ်ရေးသကဲ့သို့ ဖြစ်နိုင်ပေ၏။
ကွန်မန့်၌ဆက်၍ကြည့်ရှုရန်