🙏🙏🙏ဝိပဿနာတရား အားထုတ်လိုသူတို့အတွက် အခြေခံ အပိုင်း(၆) 🙏🙏🙏
ဝိပဿနာတရားအားထုတ်သူသည် စိတ်စေတသိက်ရုပ်ဟူသော ပရမတ္ထတရားကို မြင်အောင်ကြည့်ရ၏။အများနားလည်လွယ်သော နည်းဖြင့် ပြောဆိုရလျင် နာမ်ရုပ်ကို မြင်အောင်ကြည့်ရ၏။
ထိုပရမတ္ထနာမ်ရုပ်သဘာဝတရားများသည် မဖြစ်ပေါ်မီ ရှေးကာလ၌ အစုအပုံအစိုင်အခဲအားဖြင့် မရှိ။ဖြစ်ဆဲကာလတွင်လည်း အစုအပုံအစိုင်အခဲမှ လာသည်မဟုတ်။ချုပ်ပျောက်ပျက်စီးဆဲ ကာလ၌လည်း မည်သည့်အရပ်မျက်နှာ တစ်ခုခုသို့ ရောက်သွားသည် မရှိ။ချုပ်ပျောက် ပျက်စီးပြီးသောကာလ၌လည်း တစ်ခုခုသော နေရာဌာနတွင် အစိုင်အခဲအဖြစ်ဖြင့် တည်ရှိနေသည်မဟုတ်ပါ။ထို့ကြောင့် ဝိသုဒ္ဓိမဂ်တွင် မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိအခန်း၌လာသော ဥပမာပေး ပါဠိကို ဖော်ပြလိုပေသည်။
အဒဿနတော အာယန္တိ၊ ဘင်္ဂါ ဂစ္ဆန္တျ ဒဿနံ။
ဝိဇ္ဇုပ္ပါဒေါဝ အာကာသေ ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိ စာတိ။
ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့မည်သည် မမြင်အပ်သည်မှ လာကြကုန်၏။ပျက်ကုန်ပြီးသော သင်္ခါရတရားတို့သည် မမြင်အပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏။ ကောင်းကင်၌ လျှပ်စစ်ပျက်သို့လည်းဖြစ်ကုန်၏။ပျက်လည်း ပျက်စီးကုန်၏။ဤသို့သောအနက်သည် ထင်ရှား၏။ဤကား မူရင်းမြန်မာပြန်ပေတည်း။
ဝိပဿနာရှုမှုဟူသည် အကြောင်းအကျိုးကို ခွဲခြားစိတ်ဖြာပြီး ဉာဏ်ပညာဖြင့် ဆင်ခြင်၍ ကြည့်ခြင်းပင်ဖြစ်၏။စားလို အိပ်လို ထိုင်နေလို ဝတ်စားဆင်ယင် ပြုပြင်လိုသော စိတ်၏သဘာဝသည် အကြောင်းတရားအဖြစ် နာမ်တရားက ရှိနေပါလိမ့်မည်။ အကျိုးတရားအဖြစ် ရုပ်တရားက ရှိနေ၏။
အနည်းငယ်ပြန်ပြီး အသေးစိတ်လျှက် ခွဲခြားစိတ်ဖြာရလျှင် စက္ခုပသာဒ မျက်စိအကြည်နှင့် ရူပါရုံ အဆင်း ၊ သောတပသာဒ နားအကြည်နှင့် သဒ္ဒါရုံ အသံ ၊ ဃာနပသာဒ နှာခေါင်းအကြည်နှင့် ဂန္ဓာရုံ အနံ့ ၊ ဇိဝှါပသာဒ လျှာအကြည်နှင့် ရသာရုံ စားသောက်ခဲမျိုစရာ ၊ ကာယပသာဒ ခန္ဓာကိုယ်အကြည်နှင့် ဖောဋ္ဌဗ္ဗာရုံ အထိအတွေ့တို့သည် ရုပ်တရားများပင်ဖြစ်၏။ထိုရုပ်တရားတည်းဟူသော အကြောင်းကြောင့် စက္ခုဝိညာဉ် မြင်သိစိတ်၊ သောတဝိညာဉ် ကြားသိစိတ်၊ ဃာနဝိညာဉ် နံသိစိတ် ၊ ဇိဝှါဝိညာဉ် စားသိစိတ် ၊ကာယဝိညာဉ် ထိသိစိတ် နာမ်တရားတို့ ဖြစ်ကြ၏။ဤနေရာ၌ မျက်စိအကြည် စသော ရုပ်တရားက အကြောင်းတရားဖြစ်ပြီး မြင်သိစိတ်စသော နာမ်တရားတို့သည် အကျိုးတရားများ ဖြစ်ကြ၏။ရုပ်နာမ်ခွဲခြားသော နာမရူပပရိစ္ဆေဒဉာဏ်နှင့် အကြောင်းအကျိုးခွဲခြားသော ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို ဖော်ပြခြင်းဖြစ်၏။အကြောင်းအကျိုးခွဲခြားစိတ်ဖြာပြီး ရှုဆင်ခြင်ဖို့ အကြံဉာဏ်ပေးလိုရင်းဖြစ်၏။ဤကဲ့သို့ ပရမတ္ထသဘာဝ ရုပ်နာမ်တို့ကို မြင်လျှင် ဝိပဿနာရှုရာ၌ သူငါ ပုဂ္ဂိုလ်သတ္တဝါအမြင်များပျောက်ကင်းပြီး သမုတိသစ္စာနယ်ပယ်မှ ရှုမြင်သုံးသပ်ခိုက် ကင်းလွတ်ခွင့်ရ၏။ ဉာဏ်ပညာဖြင့် ရှုဆဲကာလ၌ ပရမတ္ထသစ္စာအမြင်များ ဖြစ်ပေါ်ခွင့်ရ၏။ရဟန္တာပုဂ္ဂိုလ်များ၏ အမြင်သည် သမုတိသစ္စာအခေါ်အဝေါ်များ သုံးစွဲနေသော်လည်း ပရမတ္ထသစ္စာအမြင်များသာ စိတ်အစဉ်၌ဖြစ်နေကြောင်း လေ့လာမှတ်သားဖူးပါ၏။ထို နာမ်ရုပ်တရားတို့ကို မမြဲခြင်း ကံစိတ်ဥတုအာဟာရတည်းဟူသော အကြောင်းတရားတို့ပြုပြင်စီရင်ခြင်း အကြောင်းကြောင့်ဖြစ်ခြင်း ကုန်ခန်းခြင်း ပျက်စီးခြင်း တပ်မက်စရာကင်းခြင်း ချုပ်ငြိမ်းခြင်းသဘောတရားတို့ ရှိ၏ဟူ၍ အကြိမ်ကြိမ်အခါခါ နှလုံးသွင်းဆင်ခြင်အပ်၏။ခန္ဓာငါးပါးတို့၏ အကြောင်း အကျိုးဖြစ်ပုံကို ဝိသုဒ္ဓိမဂ်ကျမ်းလာအတိုင်း ဖော်ပြလိုပေသည်။
🌟🌟🌟ခန္ဓာငါးပါးတို့ကို ဖြစ်စေ ချုပ်စေသော အကြောင်းတရားများ🌟🌟🌟
၁။ရူပက္ခန္ဓာ ဖောက်ပြန်မှုအစု၏ အကြောင်းကား =အဝိဇ္ဇာ တဏှာ ကံ အာဟာရတို့ဖြစ်ကြ၏။
၂။ဝေဒနက္ခန္ဓာ ခံစားမှုအစု၏ အကြောင်းကား=အဝိဇ္ဇာ တဏှာ ကံ ဖဿတို့ပင်ဖြစ်၏။
၃။သညက္ခန္ဓာ မှတ်သားတတ်သော သဘောအစု၏အကြောင်းကား=အဝိဇ္ဇာ တဏှာ ကံ ဖဿတို့ဖြစ်၏။
၎။သင်္ခါရက္ခန္ဓာ ပြုပြင်စီရင်မှုအစု၏ အကြောင်းကား=အဝိဇ္ဇာ တဏှာ ကံ ဖဿတို့ပင်ဖြစ်၏။
၅။ဝိညာဏက္ခန္ဓာ သိတတ်မှုအစု၏ အကြောင်းကား=အဝိဇ္ဇာ တဏှာ ကံ နာမ်ရုပ်တို့ဖြစ်ကြ၏။
(ဝိသုဒ္ဓိမဂ်၊ဒုတိယတွဲ၊နှာ.၂၆၆/၇၊ပိုဒ်.၇၂၄)
၎င်းအကြောင်းတရားတို့သည် ခန္ဓာငါးပါးကို ဖြစ်စေသော အကြောင်းများဖြစ်သလို ချုပ်ပျောက်စေသော အကြောင်းတရားများလည်း ဖြစ်ကြ၏။
ခန္ဓာငါးပါးလျှင် အကြောင်းတရားပေါင်း (၂၀)ရှိသည်ကို လေ့လာနိုင်ပါ၏။
အကြောင်းတရားကိုလည်း ဖြစ်ခြင်း ပျက်ခြင်းဖြင့်ခွဲခြားစိတ်ဖြာလိုက်လျှင် ဖြစ်ကြောင်း(၂၀)ပါး ပျက်ကြောင်း(၂၀)ပါး အားလုံးပေါင်း (၄၀)ပါးရှိသည်ကို လေ့လာနိုင်ပါ၏။
ဖြစ်ကြောင်း (၂၀) ပျက်ကြောင်း(၂၀)အားဖြင့် အားလုံးပေါင်း (၄၀)သော အကြောင်းတရားတို့၏ အကျိုးတရားတို့သည် ခန္ဓာ (၅)ပါးပင်ဖြစ်၏။ ၎င်းခန္ဓာငါးပါးကို ဖြစ်ပေါ်သောခန္ဓာ(၅)ပါး ပျက်စီးသော ခန္ဓာ (၅)ပါးအားဖြင့် အကျိုးတရားတို့ကို စုပေါင်းလိုက်လျှင် (၁၀)ပါးရ၏။အကြောင်းတရားဖြစ်သော ဖြစ်ကြောင်း(၂၀)နှင့် အကျိုးတရားဖြစ်သော ခန္ဓာ(၅)ပါးစုပေါင်းလျှင် (၂၅)ပါးရ၏။၎င်းကို ဖြစ်(၂၅)ဟုခေါ်၏။
အကြောင်းတရားဖြစ်သော ပျက်စီးကြောင်း (၂၀)ပါးနှင့် အကျိုးတရား ပျက်စီးသော ခန္ဓာ(၅)ပါးကို စုပေါင်းလိုက်လျှင် (၂၅)ပါးရ၏။၎င်းကို ပျက်(၂၅)ဟုခေါ်၏။
ဖြစ်(၂၅)ပါးနှင့် ပျက်(၂၅)ပါးအပေါင်း (၅၀)ပါးကို ဖြစ်ပျက်(၅၀)ဟုခေါ်ဆို၏။ဤ ငါးဆယ်သော လက္ခဏာတို့ကို ဖြစ်ခြင်းပျက်ခြင်းဖြင့် ခွဲခြားစိတ်ဖြာလျှက် လက္ခဏာသုံးတန်မြင်အောင် ဆင်ခြင်ခြင်း နှလုံးသွင်းပွားများခြင်းသည် ဝိပဿနာဉာဏ်အနုကို အားထုတ်နေသူ ဖြစ်ကြောင်း ခေါ်ဝေါ်ပညတ် သမုတ်အပ်၏။ဝိသုဒ္ဓိ ၇ ပါး စကားဖြင့် ပြောဆိုရလျှင် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြစ်ကာ ဥဒယဗ္ဗယဝိပဿနာဉာဏ်အနုစား ဖြစ်ပေါ်နေကြောင်း သိသင့်ပေသည်။
ကွန်မန့်၌ဆက်၍ကြည့်ရှုရန်