🙏🙏🙏ကထိန်အကြောင်း သိကောင်းစရာ🙏🙏🙏
ကထိန်ဟူသည် အကျိုးအာနိသင် ၅ မျိုးကို ပေါင်းရုံး၍ တစ်ပြိုင်နက်တည်း သိမ်းကျုံးရရှိစေလျှက် ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်းထောမနာပြုအပ်သော အမှုကိစ္စပင်ဖြစ်၏။သစ်ပင်ကြီးကဲ့သို့ မြဲမြံခိုင်ခံ့သော သဘောရှိသောကြောင့် ကထိန်ဟုလည်း ခေါ်ဆိုကြ၏။
🌟🌟ကထိန်ဖြစ်ပေါ်လာခြင်းအကြောင်း🌟🌟
ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်အဖြစ်မှ ရဟန်းပြုလာသော ဘဒ္ဒဝဂ္ဂီ မထေရ်တို့ကို အကြောင်းပြုပြီး ကထိန်ခင်းခြင်းအမှုကို မြတ်စွာဘုရားခွင့်ပြုတော်မူခြင်းဖြစ်၏။ထိုဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့သည် ကောသလမင်းကြီးနှင့် အဖေတူ အမေကွဲ ညီအကိုများဖြစ်ကြ၏။မင်းသားသုံးကျိပ်တို့သည် မိမိတို့၏ မယားများနှင့်အတူ တောသို့သွားပြီး ပျော်ပါးကြစဉ် မယားမရှိသော မင်းသားတစ်ပါးသည် ပြည့်တန်ဆာမတစ်ဦးကို ခေါ်ဆောင်ခဲ့ရ၏။မင်းသားတစ်ပါးခေါ်ဆောင်ခဲ့သော ပြည့်တန်ဆာမသည် မင်းသားတို့ အပျော်ကျူးနေကြစဉ် ပစ္စည်း ဥစ္စာကို ယူဆောင်ပြီး ထွက်ပြေး၏။ပစ္စည်းဥစ္စာယူဆောင်ပြီး ထွက်ပြေးသွားသော ပြည့်တန်ဆာမအမျိုးသမီးကို မင်းသားသုံးကျိပ်တို့ ရှာဖွေစဉ် သစ်ပင်ရင်း၌ သီတင်းသုံးနေသော မြတ်စွာဘုရားကို မြင်၍ အသျှင်ဘုရား မြတ်စွာဘုရားသည် အမျိုးသ္မီးတစ်ယောက်ကို မြင်မိပါသလောဟု လျှောက်ထားမေးမြန်းစဉ် အမျိုးသ္မီးကို ရှာခြင်းနှင့် မိမိကိုယ်ကို ရှာခြင်းတို့တွင် အဘယ်ရှာခြင်းမျိုးသည် မြင့်မြတ်သနည်းဟု မေးတော်မူရာ မိမိကိုယ်ကို ရှာခြင်းသည် မြင့်မြတ်ခြင်းဖြစ်ကြောင်း လျှောက်ထားကြ၏။မြတ်စွာဘုရားဟောတော်မူသော သစ္စာလေးပါး တရားဒေသနာကို နာကြားရ၍ ကိလေသာမြူအညစ်အကြေးမှ ကင်းလွတ်ကာ သောတာပန် သကဒါဂါမ် အနာဂါမ် မဂ်ဉာဏ်ဖိုလ်ဉာဏ်များတည်ကြလျှက် ရဟန်းပြုလာသော မထေရ်များဖြစ်ကြ၏။ဘဒ္ဒဝဂ္ဂီမထေရ် သုံးကျိပ်တို့တွင် ပုထုဇဉ်မပါသလို အရဟတ္တဖိုလ်တည်သူလည်း မပါရှိပေ။ ရုပ်ရည်အဆင်းလှပပြီး စိတ်ထားနူးညံ့ကောင်းမွန်၍ အုပ်စုဖွဲ့လျှက် သွားလာလှုပ်ရှား လှည့်လည်သော အလေ့အထရှိကြသောကြောင့် ဘဒ္ဒဝဂ္ဂီဟူသော အမည်ကို မင်းသားဘဝ၌ ရရှိခဲ့ကြခြင်းဖြစ်၏။တုဏ္ဍိလဇာတ်တော်၌ မြတ်စွာဘုရားအလောင်းတော် မဟာတုဏ္ဍိလဝက်မင်းဖြစ်စဉ်အခါ အလောင်းတော်ဝက်မင်း၏ တရားကို နာကြားရ၍ ငါးပါးသီလတည်ကြသော သေသောက်ကျူးသုံးဆယ်တို့သည် ဤဘဒ္ဒဝဂ္ဂီ မင်းသားသုံးကျိပ်ပင်ဖြစ်၏။မြတ်စွာဘုရားရှင်ထံ၌ ရဟန်းပြုကြသော ဘဒ္ဒဝဂ္ဂီတို့သည် အာရညကဓုတင် ပိဏ္ဍပတ်ဓုတင် တိစီဝရိက်ဓုတင်ဆောက်တည်၏ဟု ပါဠိတော်၌ဆိုသော်လည်း အဋ္ဌကထာ၌ ဓုတင်တစ်ဆယ့်သုံးပါးစလုံး ကျင့်သုံးသော မထေရ်များဖြစ်ကြောင်းပြဆို၏။ဓုတင်ဆောင် ဘဒ္ဒဝဂ္ဂီမထေရ်သုံးကျိပ်တို့သည် သီတင်းဝါလကျွတ်၍ ပဝါရဏာပြုပြီးသောအခါ မြတ်စွာဘုရား ဖူးမြော်ရန် သာဝတ္ထိပြည် ဇေတဝန်ကျောင်းသို့ ကြွလာစဉ် မိုးကြီးစွာရွာသွန်းလျှက် သင်္ကန်း၌ ရွံ့ညွှန်များ ပေကျံနေသောကြောင့် ကထိန်သင်္ကန်းကို ခွင့်ပြုခြင်းဖြစ်၏။တိစီဝရိက်ဓုတင်ဆောင် ရဟန်းတော်များ ဒုကုဋ် နှစ်ထပ်သင်္ကန်းကြီးကို မယူဆောင်ဘဲ ခရီးသွားနိုင်ခြင်စသော အခွင့်အရေး ကထိန်အာနိသင် ၅ မျိုးကို ရရှိစေရန် ကထိန်ခင်းခြင်းအမှုကို ခွင့်ပြုတော်မူခြင်းဖြစ်၏။ မြတ်စွာဘုရားရှင်သည် အနမတဂ္ဂသံယုတ်၌လာသော အနမတဂ္ဂသုတ္တာန်ဒေသနာတော်ကို နာကြားရ၍ ဘဒ္ဒဝဂ္ဂီမထေရ်သုံးကျိပ်သည် အရဟတ္တဖိုလ်တည်ကြပြီး ကောင်းကင်ခရီးဖြင့် ပြန်ကြွတော်မူကြ၏။ဘဒ္ဒဝဂ္ဂီမထေရ်သုံးကျိပ်ပြန်ကြွတော်မူပြီးသည့်နောက်မှ ကထိန်ခင်းရန် မြတ်စွာဘုရား ခွင့်ပြုတော်မူ၏။ ကထိန်ခင်းခြင်းသည် ယခုမြတ်စွာဘုရားရှင်လက်ထက်တော်မှသာ ကထိန်ခင်းခွင့်ပြုသည်မဟုတ်ပါ။ ရှေးရှေးသော ဘုရားရှင်တို့၏ လက်ထက်တော်၌လည်း ခွင့်ပြုတော်မူကြ၏။ ပဒုမုတ္တရဘုရားရှင်လက်ထက်တွင် လက်ဝဲတော်ရံ အဂ္ဂသာဝက သုဇာတမထေရ်ကို ပဒုမုတ္တရဘုရားရှင်နှင့်တကွ ရဟန်းသံဃာတစ်သိန်းခြံရံလျှက် ကထိန်ခင်းခြင်း အနုမောဒနာပြုခြင်းများပြုလုပ်ကြောင်း ဖွင့်ဆို၏။ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိသည် ကထိန်ခင်းရာကာလဖြစ်၏။သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှ တပေါင်းလပြည့်နေ့အထိ(၅)လသည် ကထိန်အကျိုးအာနိသင် ပေးရာကာလဖြစ်၏။ကထိန်ခင်းခြင်းသည် ခေါက်သိမ်းထားသောကော်ဇောစသော ပစ္စည်းဝတ္ထုကို ဖြန့်ခင်းသကဲ့သို့ အကျိုးပေးများပြားအောင် ပြုလုပ်ခြင်းပင်ဖြစ်၏။
(မဟာဝဂ္ဂ(ဝိနယ)မြန်မာပြန်၊နှာ၃၄/၅၊ပိုဒ်၊၃၆၊ ကထိနက္ခန္ဓက၊မြန်၊နှာ.၃၅၅/၆၊ပိုဒ်.၃၀၆၊၎င်းအဋ္ဌကထာ ဋီကာ)
🌻🌻🌻ကထိန်ခင်းပုံ အစီအစဉ်🌻🌻🌻
ဆောင် = ခံ၊ ရွေး၊ ပေးနှင်း၊ စွန့်၊ ထိုးခြင်း၊ တင်lခင်း၊ နုမောဒါ ၊
ကထိန်နှင့်စပ်၊ ဤရှစ်ရပ်၊ စွဲမှတ်မြဲသေချာ ။
၁ ။ ခံ = ကထိန်သင်္ကန်း အလှူခံခြင်း ။
၂ ။ ရွေး = ကထိန်သင်္ကန်းပေးရမည့်ရဟန်း ရွေးချယ်ခြင်း ။
၃ ။ ပေး = ဉ တ်ကမ္မဝါစာဖြင့် သင်္ကန်းပေးခြင်း ။
၎ ။ စွန့် = အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို စွန့်ခြင်း ။
၅ ။ ထိုး = ကထိန်ခင်းမည့်သင်္ကန်းကို ကပ္ပဗိန္ဒုထိုးခြင်း ။
၆ ။ တင် = ကထိန်ခင်းမည့်သင်္ကန်းကို အဓိဋ္ဌာန်တင်ခြင်း ။
၇ ။ ခင်း = ကထိန်ခင်းခြင်း ။
၈ ။ နုမောဒါ = အနုမောဒနာပြုရန် တိုက်တွန်းခြင်းနှင့် အနုမောဒနာပြုခြင်း ။
ကထိန်ခင်းပုံနှင့်စပ်၍ အစီအစဉ်ရှစ်မျိုးကို မှတ်သားရာ၏ ။
အစီအစဉ် (၁)
၁ ။ ခံ = ကထိန်သင်္ကန်း အလှူခံခြင်း ။
ကထိန်သင်္ကန်းကို အလှူရှင် (ဒကာ-ဒကာမ စသူ)တို့က
သံဃာအားရည်မှန်း၍ -
``ဣမံ ကထိနစီဝရံ သံဃဿ ဒေမ- ဤကထိန်လျာသင်္ကန်းကို သံဃာအား လှူဒါန်းပါကုန်၏´´ဟု လှူဒါန်းရသည် ။
(အကျယ်လည်း ရှိသေး၏)
သံဃာတော်၏ကိုယ်စား ရဟန်းတစ်ပါးပါး (ဆရာတော်တစ်ပါးပါး)က သံဃိကအဖြစ် အလှူခံရသည် ။
အစီအစဉ် (၂)
ကွန်မန့်၌ဆက်၍ကြည့်ရန်