ခရစ်ယာန်အမေး လယ်တီအဖြေ (၂) အပိုဒ် ၁ အပိုင်း (ခ) ======================== ပဌမအချက်၌ အစမထင်အဆုံးမရှိ ကမ္ဘာအဆက်ဆက် အနန္တကာလပတ်လုံး ဘုရားဇာတိနှင့်ပြည့်စုံသည်ဟု ဆို၏။ ဒုတိယအချက်၌ ဘုရားဇာတိနှင့်ပြည့်စုံသည်ဖြစ်၍ သတ္တဝါအများကို ကယ်ချွတ်ခြင်းငှါသာ ယေရှုခရစ်ဟူသောအမည်ဖြင့် လူဇာတိကိုယူဆောင်၍ ယေရှု၌အပြစ်မရှိသော်လည်းသတ္တဝါများ၏အပြစ်ကို ဖြေလိုခြင်းငှါ အသက်စွန့်၍သေပြီးလျှင် သုံးရက်မြောက်သောနေ့၌ သေခြင်းမှရှင်သန်ထမြောက်သည်ဟု ဆိုသေး၏။ ဤဒုတိယအချက်၌ သတ္တဝါများကိုကယ်တင်ခြင်းငှါ ယေရှုခရစ်ဟူသော အမည်နာမတော်နှင့် လူ့ဇာတိကိုယူဆောင်သည်ဆိုသောကြောင့် ထာဝရဘုရားသည် လူ့အဖြစ်သို့မရောက်ပဲ ထာဝရဘုရားအတိုင်းအားဖြင့် သတ္တဝါများကိုကယ်ချွတ်ခြင်းငှါ စွမ်းနိုင်သောတန်ခိုး အဏုမြူမျှမရှိချေ။ လူ့ဘဝသို့ပြောင်း၍ လူ့ဇာတိစင်စစ်ဖြစ်ပြီးမှသာ သတ္တဝါများကို ကယ်တင်မှုသည် ယခုကမ္ဘာ၌သာရှိရမည်မဟုတ်၊ အစမထင် အဆုံးမရှိ ကမ္ဘာအဆက်ဆက်အနန္တကာလပတ်လုံး ရှိရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာရှိတိုင်း သတ္တဝါအနန္တရှိမည်သာဖြစ်သောကြောင့်တည်း။ ဤသို့ဖြစ်ခဲ့သော် အစမထင်ရှေးရှေးသောကမ္ဘာအဆက်ဆက်တို့၌လည်းကောင်း၊ ဤကမ္ဘာမှလာလတ္တံ့သော အဆုံးမရှိသော နောက်နောက်သောကမ္ဘာအဆက်ဆက်၌လည်းကောင်း သတ္တဝါများကိုကယ်တင်ခြင်းငှါ ကမ္ဘာတိုင်းကမ္ဘာတိုင်း လူမိန်းမဝမ်းဗိုက်၌ လူ့ပဋိသန္ဓေကိုယူရမှုသည် ထင်ရှားလှပေ၏။ ဤကမ္ဘာ၌ မေရီဆိုသူလူမိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ယေရှုခရစ်လူသားစင်စစ်ဖြစ်လာရသကဲ့သို့ အတိတ် အနာဂတ် ကမ္ဘာအနန္တတို့၌လည်း လူမိန်းမဝမ်းဗိုက်၌ ပဋိသန္ဓေယူ၍ ယေရှုခရစ်အမည်ဖြင့်ဖြစ်စေ၊ တခုခုသောအမည်ဖြင့်ဖြစ်စေ လူသားစင်စစ်အကြိမ်ကြိမ်အနန္တဖြစ်၍ သတ္တဝါအများကို ကယ်တင်မြဲအရိုးအစဉ် ဓမ္မတာဖြစ်သည်မှာ ထင်ရှားလေ၏။ တစ်ခုတစ်ခုသောကမ္ဘာ၌လည်း တစ်ပါးချွတ်၍ပြီးသည်မဟုတ်၊ ဤကမ္ဘာက၌ပင် ယေရှုအဖြစ်နှင့် တစ်သုတ်ကယ်တင်၏။ ယေရှုမဖြစ်မှီ ရှေးရှေးကာလ၌လည်း လူသားစစ်စစ်အကြိမ်များစွာဖြစ်၍ အသုတ်ပေါင်းများစွာ ကယ်တင်ခဲ့၏။ နောက်နောက်ကာလ၌လည်း ထို့အတူပင်ဖြစ်မည်ဟု ထင်ရှားပေ၏။ ထာဝရဘုရားသည် ခပ်သိမ်းသော စကြာဝဠာတို့ကို အုပ်ချုပ်စိုးစံတော်မူသည်ဆိုသောကြောင့် ခပ်သိမ်းသောစကြာဝဠာအနန္တတို့၌လည်း ခပ်သိမ်းသောစကြ်ာဝဠာသူ သတ္တဝါအနန္တကို ကယ်ချွတ်ရမူသည် ထာဝရဘုရား၏ တာဝန်သာဖြစ်တော့၏။ ကယ်တင်မှုမည်သည် ခံတွင်းနှုတ်လျှာ အသံစကားနှင့်ပြည့်စုံသော လူ့အဖြစ်ကိုယူပြီးမှစွမ်းနိုသောအမှုဖြစ်၏။ ဝိဉာဏ်တော်သက်သက်နှင့် စွမ်းနိုင်သောအမှုမဟုတ်သောကြောင့် ခပ်သိမ်းသောစကြာဝဠာအနန္တတို့၌လည်း ယေရှုခရစ်ကဲ့သို့ လူ့မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ လူ့သားစစ်စစ်ဖြစ်မှ ကယ်တင်နိုင်သည်အမှန်ဖြစ်၏။ ကောင်းကင်ဘုံရှိ ဘုရားဇာတိကိုစွန့်၍ လူ့မိန်းမဝမ်း၌ ပဋိသန္ဓေယူမှုသည် ဘယ်အခါမှ မလွတ်သောအမှုဖြစ်ပေတော့၏။ ထာဝရဘုရားသည် တန်ခိုးတော်အနန္တရှိ၏၊ ကောင်းကင်ဘုံရှိ ဇာတိတော်အတိုင်းနှင့်ကယ်တင်လိုပါက ကယ်တင်နိုင်၏၊ လူသားအဖြစ်ကိုယူပြီးမှ ကယ်တင်လိုပါကလည်း ကယ်တင်နိုင်ပေ၏၊ လူသားအဖြစ်ကို ခံယူမှုသည်ပဓာနမဟုတ်၊ ကောင်းကင်ဘုံရှိ ဘုရားဇာတိကိုမစွန့်မူ၍ တန်ခိုးတော်အားဖြင့် အများယုံကြည်ကြရန် ဖန်ဆင်းမှုမျှသာဖြစ်သည်ဟု ကြံဖန်၍ ပြောကြလေ၏။ ကောင်းကင်ဘုံရှိ ဘုရားဇာတိတော်အတိုင်းနှင့် တစ်ရွာလုံး တစ်မြို့လုံး တစ်နိုင်ငံလုံးမျက်မှောက်ထင်ထင် မြင်ကြရအောင် သဏ္ဍာန်တော်ကိုပြ၍ ဟောဖူး၊ ဆုံးမဖူး၊ ကယ်တင်ဖူးသော သက်သေတစ်စုံတစ်ရာ မရှိပါ၊ ကျမ်းပြုဆရာတို့ လုပ်ကြံလှည့်ပတ်မှုသာရှိ၏။ သတ္တဝါအများကို ကယ်တင်ခြင်းငှါ ယေရှုခရစ်ဟူသော အမည်နှင့် လူသားအဖြစ်ကိုယူသည်ဟု ခရစ်ဘာသာကျမ်းစု၌ များစွာပါရှိလေ၏။ ဤကား စကားချပ်။ လူ့အဖြစ် လူဇာတိကိုယူဆောင်မှုသည် တန်ခိုးတော်အားဖြင့် အများယုံကြည်ကြရန် ဖန်ဆင်းမှုမျှသာဖြစ်သည် ဟူသောစကားသည်လည်း လူသားပကတိတို့နှင့် ထပ်တူကျ၍သွားမည်ကို စိုးရိမ်သောကြောင့် ကြံဖန်၍ပြောခြင်းသာဖြစ်၏။ ထမင်းစားမှုကို ပကတိလူတို့၌ ထမင်းစားသည်ဟုခေါ်၏။ ရဟန်းတော်တို့၌ ဆွမ်းဘုဉ်းပေးသည်ဟုခေါ်၏။ ရှင်ဘုရင်တို့၌ ပွဲတော်တည်သည်ဟု ခေါ်၏။ ဝေါဟာရမျှသာကွဲကြ၍ စားမှုအတူချည်းသာဖြစ်သကဲ့သို့ ထာဝရဘုရားသည် ကောင်းကင်ဘုံရှိ ဘုရားဇာတိမှစုတေ၍ လူမိန်းမဝမ်းဗိုက်၌ ပဋိသန္ဓေနေမှုအမှန်ဖြစ်လျက် ပကတိလူသားတို့နှင့် တူနေမည်စိုးသောကြောင့် ခံသာနာပျော်ဖွယ်ရှိအောင် တန်ခိုးတော်ဟူသော စကားလုံးဖြင့် ကြံဖန်ပြောဆိုမှုသာဖြစ်၏။ ထူးခြားမှုမှာ ပကတိလူသားတို့သည် ထာဝရဘုရား၏တန်ခိုးတော်နှင့်သာ လူသားစင်စစ်ဖြစ်နိုင်ကြ၏၊ မိမိတို့ကိုယ်ပိုင် အစွမ်းဖြင့် လူသားမဖြစ်နိုင်။ ထာဝရဘုရားမှာကား သတ္တဝါတို့ကို ကယ်တင်ခြင်းငှါ မိမိအစွမ်းဖြင့်ပင် လူမိန်းမဝမ်းဗိုက်၌ ပဋိသန္ဓေယူ၍ လူသားစင်စစ်ဖြစ်နိုင်လေ၏။ လူသားစစ်စစ်ဖြစ်သောအခါ၌လည်း ပကတိလူတို့နှင့်မတူ၊ သတ္တဝါများကိုကယ်တင်ခြင်းငှါ ဘုရားအလုပ်၊ ဘုရားအကြံနှင့်နေသူဖြစ်၍ ဘုရားဇာတိဟုပင် ဆိုရပြန်သည်။ မေရီဆိုသူ လူမိန်းမမှ မွေးဖွားသောယေရှုသည် ထာဝရဘုရားအမှန်ဖြစ်ခဲ့လျှင် ပြဆိုခဲ့ပြီးသောအတိုင်းသာ အဖြောင့်အမှန်ဖြစ်၏။ ကောင်းကင်ဘုံရှိ ဘုရားဇာတိသက်သက်နှင့် သတ္တဝါအများကို ကယ်တင်နိုင်သောအစွမ်းမရှိကြောင်းကား စက်ဆုတ်ဖွယ်သောမေရီဆိုသူ လူမိန်းမဝမ်း၌ ပဋိသန္ဓေနေ၍ ယေရှုဟူသော လူသားစစ်စစ်ဖြစ်လာမှုသည် အလွန်ခိုင်လုံသော သက်သေပင်တည်း။ ထို့ကြောင့်.... ၁။ အစမထင် အဆုံးမရှိ ကမ္ဘာအဆက်ဆက်အနန္တကာလပတ်လုံး ဟူသောစကား ၂။ ခပ်သိမ်းသောစကြာဝဠာတကာတို့ကို အုပ်ချုပ်သည်ဟူသော စကားတို့နှင့်အညီ- ၁။ ကမ္ဘာလည်း အစမရှိ၊ အဆုံးမရှိ ၊ စကြဝဠာတွေလည်းအနန္တများပြားကုန်၏။ ၂။ သတ္တဝါတွေလည်း အစမရှိ၊အဆုံးမရှိ၊စကြာဝဠာအနန္တ၌လည်း သတ္တဝါအနန္တရှိကြ၏။ ၃။ ထာဝရဘုရား၏ကယ်တင်မှုသည်လည်း အစမရှိ၊ အဆုံးမရှိ ၊ ကယ်တင်မှုဆိုင်ရာစကြာဝဠာတွေလည်း အနန္တရှိ၏။ ၄။ ထာဝရဘုရား၏ လူမိန်းမဝမ်း၌ ပဋိသန္ဓေနေမှုလည်း အစမရှိ၊ အဆုံးမရှိ တစ်နာရီမျှ ကောင်းကင်ဘုံ၌ နေသာသောအခွင့်မရှိ၊ လူမိန်းမဝမ်း၌ ပဋိသန္ဓေနေရသော ဝဋ်ဒုက္ခမှ ကျွတ်လွတ်ရန်လည်း လမ်းမရှိပြီ။ သူများအတွက်နှင့် ငဝက် ကျမ်းကိုင်သည်၊ သူများအတွက်နှင့် ငဝက်ကျမ်းစူးသည်၊ သူများအတွက်နှင့် ငဝက် ကျွန်ဖြစ်သည်ဟူသော စကားကဲ့သို့ ထာဝရဘုရားသည် အစမရှိ၊ အဆုံးမရှိသော သတ္တဝါအနန္တအတွက်ကြောင့် လူမိန်းမဝမ်း၌ ပဋိသန္ဓေနေရခြင်းဟူသော အစမရှိ၊ အဆုံးမရှိသော ဘယ်အခါမှကျွတ်လွတ်ခွင့်မရှိသော ဝဋ်ဒုက္ခကြီးကို အနန္တကာလပတ်လုံး ခံရလေ၏။ ________________________________________________ ဆက်ရန&#