* အာနာပါနကမ္မဋ္ဌာန်း တရား​တော် ( အပိုင်း​- ၄ ) နောက်ဆုံးအချိန် သိနိုင်ခြင်း အာနာပါနကမ္မဋ္ဌာန်းကို အာရုံပြုနာယူနေကြတဲ့ ယောဂီအပေါင်းတို့။ သုတ်သီလက္ခန်၊ သုတ်ပါထေယျ၊ သုတ်မဟာဝါ ဆိုတဲ့ သုတ်သုံးကျမ်းရှိတဲ့ထဲက သုတ်မဟာဝါမှာ မဟာပရိနိဗ္ဗာနသုတ် ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာ သုံးလကြိုတင်ပြီးတော့ လောကဓာတ်ကြီးတစ်ခုလုံးကို ကြေငြာပါတယ်။ ဣတော တိဏ္ဏံ မာသာနံ အ​စ္စေယေန တထာဂ​တော ပရိနိဗ္ဗာယိဿတိ။ ဣတော- ဤယခုအချိန်ခါမှ၊ တိဏ္ဏံ မာသာနံ- သုံးလပြည့်သောအခါ၊ တထာဂတော - ငါဘုရားသည်၊ ပရိနိဗ္ဗာယိဿတိ- ပရိနိဗ္ဗာန်စံတော့မယ်။ သုံးလ ကြိုတင်ပြောတယ်နော်။ ရှင်မဟာမောဂ္ဂလာန်က သီတင်း နှစ်ပါတ်၊ ၁၄ ရက်၊ ရှင်သာရိပုတ္တရာက သီတင်းတစ်ပါတ်၊ ၇ ရက်၊ ဒီလိုကြေငြာတယ်။ အာနာပါနကမ္မဋ္ဌာန်းနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာ မိမိရဲ့ နောက်ဆုံးအချိန်ကို သိနိုင်တယ်။ ဘုန်းဘုန်းတို့ ဆရာကြီး ဦးပဂျီငိုက သူ့ရဲ့ ဒိုင်ယာရီထဲမှာ နောက်ဆုံး အချိန်ခါကို အင်္ဂလိပ်လိုရေးထားတာ အံကိုက်ပဲ။ မဟာသတိပဋ္ဌာန်အနှစ်ချုပ်မှာ ရေးထားပါတယ်။ ဝိသုဒ္ဓိမဂ်က အာနာပါန ခန်းမှာ၊ သီရိလင်္ကာက မထေရ်ကြီးတစ်ပါး၊ တပည့် ၅၀၀ ကို အမိန့်ရှိတယ်။ ငါ့ရှင်တို့ ဘယ်အချင်းအရာဖြင့် ပရိနိဗ္ဗာန်စံတာကို လိုချင်ကြလဲ။ ရှင်ဗာကူလအကြောင်း အနာမဲ့သူ ရှင်ဗာကူရဲ့ အကြောင်းလေး ပြောဦးမယ်။ သူ့မိခင်ရင်းကလည်း သူဌေး။ မွေးစားမိခင်ကလည်း သူဌေးပဲ။ မိခင် ဖခင်က ဂင်္ဂါမြစ်ထဲမှာ ရေးသုံးသပ်တော့ ကလေးကို လွတ်သွားပြီး ငါးဝမ်းထဲရောက်သွားတာ။ ငါးကိုဝယ်တဲ့ဒကာမက ခွဲတော့ ​ရွှေဆင်းတုကဲ့သို့ သား​လေးကို​တွေ့တယ်​။ ကြားထဲက​တော့ ထား​တော့။ အသက်​ ရှစ်ဆယ်ပြည့်မှ ရဟန်းပြုတာ၊ အသက် ၁၆ဝ နေသွားတယ် ။ အသက် ၁၆၀ ပြည့်ခါနီးမှာ သူ့အသက် သူဆင်ခြင်တော့ အချိန်ပိုင်းလေးပဲ ကျန်တော့တယ်။ ဒီခါမှာ တစ်ကျောင်းလုံး လှည့်ပြီးတော့၊ အရှင်ဘုရားတို့ အလယ်ကျောင်းကြီးဆီ ကြွခဲ့ကြပါလို့ လိုက်ပင့်တယ်။ အားလုံး တန်ဆောင်းထဲမှာ ညီမူရာနှစ်တောင့်ထွာ မလွတ်အောင် စည်းဝေးမိပြီဆိုတော့မှ မတ်တပ်ရပ်၊ သင်္ကန်းသပ္ပာယ်ပြီးတော့ 'အရှင်ဘုရားတို့ တပည့်တော်နဲ့အတူ နေသမျှကာလပတ်လုံး မကြိုက်သော ကိုယ်အမူအရာ နှုတ်အမူအရာများရှိရင် သည်းခံခွင့်လွှတ်တော်မူပါဘုရား” ဆိုပြီးတော့ တေဇောကသိုဏ်း ဝင်စားလိုက်တော့ မီးတောက်ကြီး ထတောက်တယ်။ အနားကို မီးမဟပ်ဘူး။ ထိုင်တဲ့အခင်းလည်း မီးမလောင်ဘူး။ သင်္ကန်းတွေနဲ့တကွ တစ်ကိုယ်လုံး လောင်ကျွမ်းသွားတယ်။ အမှုန့်ကို မကျန်ဘူး။ ရှင်ဗာကူရဲ့ နောက်ဆုံးအချိန်နော်၊ မိမိတာဝန်ကို မိမိ ယူသွားတယ်။ သူတပါးတာဝန် မဖြစ်စေဘူး။ သဘောကျတယ်။ ရှင်အာနန္ဒာအကြောင်း အရှင်အာနန္ဒာလည်း အသက် ၁၆ဝ နေသွားတာပဲ။ ရောဟဏီမြစ်မှာ ဆွေမျိုးတွေ ရေလုရင်း ခဏခဏစစ်ဖြစ်ကြတယ်။ ရှင်အာနန္ဒာ ပရိနိဗ္ဗာန်စံတော့မယ်ဆိုတော့ ဟိုဘက်ကလည်း ဟိုဘက်မှာစံဖို့၊ ဒီဘက်ကလည်း ဒီဘက်မှာစံဖို့ ဖြစ်နေတာပေါ့။ ဒီချိန်မှာ ကောင်းကင်ကို တက်သွားပြီး တင်ပလ္လင်ခွေရင်း ပရိနိဗ္ဗာန်စံပြီး လက်ဝဲလက်ယာကို ဓာတ်တော်တွေ ဖြာကနဲ ချလိုက်တယ်။ အဲဒါ အာနာပါနကမ္မဋ္ဌာန်း နိုင်နှင်းရတယ်။ ပဒုမဒေဝီရဲ့ သားငါးအကြောင်း ရပ်ခြင်းနဲ့ ပရိနိဗ္ဗာန်ပြုပုံလည်းရှိတယ်။ ပဒုမဒေဝီရဲ့သား မဟာပဒုမမထေရ်မြတ်​ကြီး ပ​စ္စေကဗုဒ္ဓါ ၅၀၀ သီတင်းသုံးတဲ့ ​ကျောင်းကြီးထဲက ဆွမ်းစား​ကျောင်း ကိုဆင်းလာတယ်။ အောက်ဆုံး လက်ကတုံးတိုင်ကို ကိုင်လိုက်မိတာနဲ့ မတ်​တပ်ပဲ တစ်ခါတည်း ပရိနိဗ္ဗာန်စံသွားတယ်။ နောက်က ၅၀၀ လုံးလည်း တစ်ပြိုင်တည်း စံတာပဲ။ သီရိလင်္ကာက မဟာ​ထေရ်​၏ အကြောင်း ' ငါ့ရှင်တို့- ဘယ်အချင်းအရာဖြင့် ပရိနိဗ္ဗာန်စံတာကို လိုချင်ကြလဲ”၊ သွားခြင်းနဲ့ ပရိနိဗ္ဗာန်စံထားတာတော့ မရှိသေးဘူးဆိုတော့၊ စည်း သုံးတန်တားလိုက်၊ သံဃာ့ ပရိသတ်ကြီးက မထေရ်မြတ်ကြီးကို ဖူးမျှော်ပြီး ငေးမောကြည့်နေကြတယ်ပေါ့။ ပထမစည်းကနေ ဒုတိယစည်း၊ ဒုတိယစည်းကနေ တတိယစည်း၊ တတိယစည်းကနေ ဒုတိယစည်း၊ ဒုတိယစည်းကနေ ပထမစည်း ခြေဖဝါးချလိုက်တာနဲ့ ပရိနိဗ္ဗာန်စံတယ်။ ဘုရားရှင်အား အမြတ်​ဆုံး ပူဇော်နည်း ပြန်ကြည့်ရအောင်၊ သုံးလောကထွဋ်ထား မြတ်စွာဘုရားဟာ သုံးလပြည့်တာနဲ့ ပရိနိဗ္ဗာန်ပြုတော့မယ်ဆိုတော့ လူ နတ် ဗြဟ္မာတို့က အပြိုင်ပူဇော်​​နေကြတယ်ပေါ့ ။ အဲဒီအခါမှာ မြတ်စွာဘုရားရှင်က အာနန္ဒာမထေရ်ကို မိန့်တော်မူတယ်။ ငါဘုရားစိတ်နှလုံးကို ကျေနပ်နှစ်သက်လောက်အောင် ကျေးဇူးဆပ် ပူဇော်တဲ့နေရာမှာ ငါဘု ရားသင်ပေးတဲ့ တရားတော်ကို ကျင့်တာက အမြတ်ဆုံးတဲ့။ ယော ခေါ အာနန္ဒ မှာ မိန့်​တော်မူတယ်။ ပ-သုံးလုံး တပည့်များ ယော ခေါ အာနန္ဒကို ပိုင်ကြပါတယ်။ အကျိုးကြီးဆုံး နောက်တစ်ခုက တရားအားထုတ်တဲ့အခါမှာ နည်းမှန်လမ်းမှန် အားထုတ်လို့ရှိရင် ဒါန သီလ သမထထက် ပိုအကျိုးများတယ်။ စတုဂီရိဆရာတော်ဘုရားကြီးက ရွှေစေတီအရာတောင် တည်တဲ့ ကုသိုလ်ထက် အကျိုးကြီးတယ်တဲ့။ ဝေလာမသုတ်မှာ ​ဟောသွားတယ်လေ။ အာနာပါနမှ ဝိပဿနာသို့ တက်နည်း ဒီတော့ အာနာပါနကမ္မဋ္ဌာန်းကနေ ဝိပဿနာသို့တက်ပုံ တဖြည်းဖြည်း သွား မယ်ပေါ့ ။ သတိကောင်းအောင် ရေတွက်တဲ့ ဂဏနနည်းသင်ပေးပြီးပြီ။ လယ်​တီ ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေး ဆိုရအောင် * သတိမြဲရာ ပထမာ၊ ဒုမှာ ရှည်တိုသိ။ ဘယ်ကမ္မဋ္ဌာန်းမဆို သတိကအချုပ်ပဲ။ သတိလွတ်နေရင် ကမ္မဋ္ဌာန်းမဟုတ်ဘူးတဲ့။ ဒုတိယကတော့ ထွက်သက်ဝင်သက် တိုရင်တိုမှန်း သိရမယ်။ ရှည်ရင်ရှည်မှန်း သိရမယ်တဲ့။ မှတ်ရမယ်လို့ မဟုတ်ဘူးနော်။ ပဇာနာတိ ဟူသည်​ သံဃာတွေကို သင်နည်း နည်းနည်းပြောမယ်။ ဘုရားရှင်က ဒီမှာ ကြိယာပုဒ် သုံးတာ။ ပဇာနာတိ ဆိုတာ ထွက်သက် ဝင်သက်ကို ကွဲကွဲပြားပြား ရှည်ရင်ရှည်မှန်း တိုရင်တိုမှန်းသိရမယ်လို့ ဟောတယ်။ အကယ်၍သာ မှတ်ရမယ်ဆိုရင် သဉ္ဇာနာတိလို့ ဟောလိမ့်မယ်။ ပဇာနာတိ ဆိုတာ အနိစ္စ ဒုက္ခ အနတ္တ ပေါက်အောင် သိတာကို ပဇာနာတိတဲ့၊ အဋ္ဌကထာမှာ နားထောင်ကြည့်ရအောင်။ ပန- အဋ္ဌကထာဟောင်း၌ကား၊ ပဇာနာတီတိ - ပဇာနာတိ ဟူသည်ကား၊ ပညာတိ- ပညာဟူ၍၊ ဘဂဝါ- မြတ်စွာဘုရားသည်၊ ဝုတ္တံ- ဟောတော်မူ၏။ ကိံ ပညာပေတိ - အဘယ်သို့ သိစေသနည်း? အနိစ္စဒုက္ခအနတ္တာတိ- အနိစ္စ ဒုက္ခ အနတ္တဟူ၍၊ ပညာပေတိ- သိစေ၏။ ပဇာနာတိဆိုတာ သညာသိ၊ ဝိညာဉ်သိကို မယူရဘူး။ ပညာသိကို ယူရမယ်တဲ့။ သညာက မှတ်တာ။ ဝိညာည်က သိတာ။ ပညာ ဆိုတာက အကုန်သိတာ။ ဒါက ရုပ်တရား၊ ဒါက နာမ်တရား၊ ဒါက စိတ်၊ ဒါက စေတသိက် ဒါက ရုပ်လို့ ကွဲကွဲပြားပြား သိတယ်။ ဒီ စိတ် စေတသိက် ရုပ်တွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားပဲလို့ သိတာ ပညာသိ။ အဲဒီတော့ ပြန်ဆိုရအောင်​- * ဒုမှာ ရှည်တိုသိ။ ဆက်​ဦးအံ့။

Теги других блогов: продвижение SEO Google