သမထကမ္မဋ္ဌာန်းပိုင်း(အာနာပါနကမ္မဋ္ဌာန်း)
======================
အခက်အခဲ(၄)ရပ်
---------------------
၁။ နှာခေါင်းအတွင်း(နှာတံအတွင်း) သို့ ဝင်လေ-
ထွက်လေကို လိုက်ရှုမိခြင်း -
ထိုယောဂီပုဂ္ဂိုလ်သည်ကား ဝင်သက်လေ- ထွက်သက်
လေကို ရှုရာ၌ ဝင်သက်လေ- ထွက်သက်လေ၏
ထင်ရှားမှုကို အလိုရှိနေ၏။ သို့အတွက် နှာသီးဖျား
သို့မဟုတ် အထက်နှုတ်ခမ်းဝန်းကျင်တွင် ဝင်သက်
လေ- ထွက်သက်လေက အလွန်ကြီး မထင်ရှားသဖြင့်
သိမ်မွေ့နေသဖြင့် ဝင်သက်လေ- ထွက်သက်လေ
ထင်ရှားမည်ဟု ယူဆရသော နှာခေါင်းအတွင်း(နှာတံအတွင်း) သို့ လိုက်ကာ ယင်း ဝင်သက်လေ-
ထွက်သက်လေကို ရှုနေ၏။
သို့သော် နှာခေါင်းအတွင်း(နှာတံအတွင်း)၌ကား
ဝင်သက်လေ- ထွက်သက်လေ၌ တည်ရှိသော
ဝါယောဓာတ်၏ တွန်းကန်မှုသဘောက ပို၍ ထင်ရှား
နေတတ်၏။ ယင်းတွန်းကန်မှုသဘောကိုပင် အာရုံယူကာ ဝင်သက်လေ- ထွက်သက်လေ ပြုလုပ်ကာ
ရှုနေတတ်၏။ တွန်းကန်မှုသဘောကို ရှုဖန်များလာပါက ယင်း တွန်းကန်မှုသဘောနှင့် တွဲ၍ ပထဝီဓာတ်၏
မာမှုသဘောလည်း ထင်ရှားလာတတ်၏။
ယင်းတွန်းကန်မှုသဘောနှင့် မာမှုသဘောကိုပင်
ဝင်လေ-ထွက်လေ ပြုလုပ်ကာ ဆက်လက်၍ ရှုနေခဲ့
သော် အာပေါဓာတ်၏ ဖွဲ့စည်းမှုသဘော၊ တေဇော
ဓာတ်၏ ပူမှု-အေးမှုသဘောတို့သည်လည်း ထင်ရှား
လာတတ်ပြန်၏။
ယင်း မာမှုသဘောကား ပထဝီဓာတ်တည်း။ ဖွဲ့စည်းမှုသဘောကား အာပေါဓာတ်တည်း။ ပူမှု-အေးမှုသဘော
ကား တေဇောဓာတ်တည်း။ တွန်းကန်မှုသဘောကား
ဝါယောဓာတ်တည်း။ ဤသို့လျင် ဓာတ်ကြီးလေးပါးတို့
၏ သဘာဝလက္ခဏာများ ထင်ရှား ဖြစ်ပေါ်လာကြ၏။
အာနာပါနကမ္မဋ္ဌာန်းကို ရှုနေရာမှ ဓာတ်ကမ္မဋ္ဌာန်းဘက်
သို့ အာရုံပြောင်းသွား၏။သို့သော် ယောဂီ ပုဂ္ဂိုလ်က
ဗဟုသုတနည်းပါးသဖြင့် အာနာပါနကမ္မဋ္ဌာန်းကို ရှုနေ
သည်ဟု ယူဆကာ ဆက်လက်၍ ဓာတ်ကြီးလေးပါးကိုပင် အာရုံယူကာ ရှုပွားနေခဲ့သော် တွန်းမှု မာမှု ဖွဲ့စည်းမှု
တို့က တစ်စတစ်စ အားကောင်းလာသဖြင့် နှာခေါင်း
ပတ်ဝန်းကျင်၌ တင်းမာမှုသဘောတရားများကား
တဖြည်းဖြည်း ပို၍ ပို၍ အားကောင်းလာတတ်ပေ
သည်။ ဆက်လက်ကာ ရှုဖန်များလာသောအခါ
မျက်နှာတစ်ခုလုံး နှာခေါင်းတစ်ခုလုံး တင်းကြပ်ပြီး
ခဲလာတတ်၏။ တဖန် ဆက်လက်၍ ရှုဖန်များလာ
သောအခါ အချို့ယောဂီများမှာ မျက်စိမှိတ် လိုက်ရုံဖြင့် ဦးခေါင်းကြီးတစ်ခုလုံး ခဲမာနေတတ်ပေသည်။ထိုအခါ၌ တရားထိုင်ရမှာကိုပင် ကြောက်ရွံ့ သလို ဖြစ်လာ
တတ်ပေသည်။
ဤအရာ၌ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ မရှုတတ်ခြင်း
၏ အပြစ်ကို သတိပြုသင့်ပေသည်။ ဓာတ်ကမ္မဋ္ဌာန်းကို
ရှုရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက 'သကလမ္ပိ အတ္တနော
ရူပကာယံ အာဝဇ္ဇေတွာ...' မိမိ၏ ရူပကာယ တစ်ခုလုံး
၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးသီးကို ဉာဏ်ဖြင့် ဆင်ခြင်ကာ ရှုပွားသုံးသပ်
ရမည်ဟု ညွှန်ပြထားတော်မူ၏။ နှာခေါင်းအတွင်း
(နှာတံအတွင်း)၌သာ ဓာတ်ကြီးလေးပါးကို စိုက်ရှုနေရ
မည်ဟု မညွှန်ကြားပေ။ထိုယောဂီကား ဤစည်းကမ်း
သတ်မှတ်ချက်ကိုလည်း မလိုက်နာ ဖြစ်နေ၏။
တဖန် ဓာတ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ပထဝီဓာတ်ဝယ်
မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ ဟု သဘောတရား၆ခု၊
အာပေါဓာတ်ဝယ် ယိုစီး-ဖွဲ့စည်း ဟု သဘောတရား၂ခု၊
တေဇောဓာတ်ဝယ် ပူမှု-အေးမှုဟု သဘောတရား၂ခု၊
ဝါယောဓာတ်ဝယ် ထောက်ကန်မှု-တွန်းကန်မှု ဟု
သဘောတရား၂ခု၊အားလုံးပေါင်းသော် သဘောတရား
၁၂ခုရှိရာ ယင်း သဘောတရားတို့ကို ခြေဆုံးခေါင်းဆုံး
တခုပြီးတခု သိအောင် မြင်အောင် ရှုရမည်။
ဓာတ် သဘောတရားများကိုလည်း ညီမျှသွားအောင်
ရှုရမည် ဟူသော ဤစည်းကမ်း သတ်မှတ်ချက်ကို
လည်း ထိုယောဂီ ပုဂ္ဂိုလ်က မလိုက်နာ ဖြစ်ခဲ့ပြန်၏။
(ရှုကွက်အစုံကို ရုပ်ကမ္မဋ္ဌာန်းပိုင်း ၁၈၀ တွင်ကြည့်ပါ။)
ဤကဲ့သို့သော စည်းကမ်း သတ်မှတ်ချက်များကို
မလိုက်နာဘဲ ဓာတ်ကမ္မဋ္ဌာန်းကို အာနာပါန ကမ္မဋ္ဌာန်း
ပြုလုပ်ကာ ရှုပွားနေသည့်အတွက် ဤကဲ့သို့သော
အခက်အခဲများနှင့် ကြုံတွေ့ရခြင်း ဖြစ်ပေသည်။
သို့အတွက် ဝင်သက်လေ-ထွက်သက်လေ မထင်ရှား
သောအခါ နှာခေါင်းအတွင်း (နှာတံအတွင်း) သို့
လိုက်၍ မကြည့်ပါနှင့်။
(ဖားအောက်တောရ ဆရာတော်ဘုရားကြီး၏
နိဗ္ဗာန်သို့သွားရာ တစ်ကြောင်းတည်းသောလမ်း)